ကြို့ပင်ကောက် ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ညနေ ၄ နာရီ အချိန်က ကြို့ပင်ကောက်မြို့ ပြည်သူ့အားကစားကွင်းရှေ့ ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မဟာအတာသင်္ကြန် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက၊ မြို့နယ်အတွင်း၌ရှိသော ပြည်သူများအနေဖြင့် မဟာအတာ သင်္ကြန်ပွဲတော်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း ဆုတောင်းစကား ပြောကြား၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ဝင်များနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက "မြူမှုံဝေကင်း" သီချင်းအားသီဆို၍ ယိမ်းအဖွဲ့ ၉ ဖွဲ့က အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ယိမ်းအဖွဲ့ များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ကာ သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ပြီး လာရောက်ရေကစားကြသော ဒေသခံပြည်သူများကို စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ကြို့ပင်ကောက်မြို့၌ မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် ကာလအတွင်း ယိမ်းအဖွဲ့ ၉ ခုနှင့် အဆိုတော်များ၏အကများအပြင် တီးဝိုင်းဖြင့်တေးသီချင်း များကိုလည်း နေ့စဉ်တင်ဆက်ဖျော်ဖြေ သွားမည်ဖြစ်ပြီး ပြည်သူများအန္တရာယ် ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်းထားရှိ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)