လွိုင်ကော်မြို့တွင် ၁၃၈၄ ခု ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော်      ဧပြီ     ၁၄

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ၁၃၈၄ ခု ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ (သင်္ကြန်အကြိုနေ့ ) မွန်းလွဲပိုင်းက နောင်ယား (ခ) ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ ဦးဇော်မျိုးတင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကယားပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ပွဲတော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကာ သင်္ကြန်ယိမ်းအဖွဲ့များက ဖွင့်ပွဲသီချင်းဖြင့် စုပေါင်း သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ အတာသင်္ကြန်ရေပက်ဖျန်းပြီး နှစ်ဦးသင်္ကြန်ကို ကြိုဆိုခဲ့ကြသည်။

ထို့နောက် နွေဦးရွှေပန်းချီယိမ်းအဖွဲ့နှင့် ရွှေဝါဖူး(၁)ယိမ်းအဖွဲ့က သင်္ကြန်ယိမ်းအက အလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး မြန်မာ့ဂီတ ၊ ခေတ်ပေါ်တေးဂီတများနှင့် သင်္ကြန်တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

သင်္ကြန်ပွဲတော်အတွင်းတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအဖွဲ့များမှ နေ့အလိုက် ပါဝင်ယှဉ်ပြိုင် ကပြသွားကြမည်ဖြစ်ပြီး သင်္ကြန်အတက်နေ့ ပိတ်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်ဆုရ အသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

သင်္ကြန်ပွဲတော် အကြိုနေ့မှ အတက်နေ့အထိ ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်အတွင်းရှိ မဏ္ဍပ်အသီးသီးတွင် ဖျော်ဖြေရေးတင်ဆက်မှုများအပြင် ကယားပြည်နယ် အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စတုဒီသာစုပေါင်းအလှူကို ကျွေးမွေးလှူဒါန်း သွားမည် ဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းများ နှင့် သက်ကြီးပူဇော်ပွဲများ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်အသီးသီးတွင် ပြည်သူများပျော်ရွင်စွာ ရေကစားနိုင်ရေးအတွက် ဖျော်ဖြေရေးနှင့် စတုဒီသာကျွေးမွေး လှူဒါန်းရေးအစီအစဉ်များ နေ့စဉ်ဆောင်ရွက် ပေးထားသည့်အပြင် ပွဲတော်ကိုဆင်နွှဲမည့် ပြည်သူများ၏ လုံခြုံရေး အတွက်လည်း တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)