ကျုံပျော်တွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ကျုံပျော် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ကျုံပျော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အတာသင်္ကြန်ပွဲတော် ဆင်ယင်ကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊  ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်လွင်၊ အဖွဲ့ဝင်(၂)ဦးရန်နိုင်ဝင်းနှင့် ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းတို့က ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် လိုက်လံပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ စတိတ်ရှိုးတေးဂီတဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းဖြင့်ကပြ ဖျော်ဖြေခြင်း၊ ရေကစားခြင်းတို့ဖြင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအား ပျော်ရွှင်စွာဆင်နွဲခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)