ညောင်တုန်း အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေးက သင်တန်းတွင် ဆွေးနွေးပို့ချမည့်ဘာသာရပ်များ အကြောင်းနှင့် သင်တန်းသားများ လိုက်နာဆောင်ရွက်ရမည့် သင်တန်းစည်းမျဉ်း၊ စည်းကမ်းများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို အမှတ် (၃) ရပ်ကွက်၊ မြို့တော်ခန်းမတွင် သင်တန်းသား (၈၃) ဦး၊ ချောင်းကြီးကျေးရွာ၊ ရွှေကျင်ကျောင်းတိုက်တွင် (၆၆)ဦးနှင့် မဲဇလီကျေးရွာအုပ်စု၊ ရွာမဘုန်းတော်ကြီးကျောင်းတွင် (၉၅)ဦး စုစုပေါင်း (၂၄၄) ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ရက်နေ့ အထိ (၃)နေရာခွဲ၍ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းဘာသာရပ်များမှာ စစ်ရေးပြ (လက်နက်မဲ့)၊ လူ့အခွင့်အရေးဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့်ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်စသည့် ဘာသာရပ်များအား ဆွေးနွေးပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)