မြိတ် ဧပြီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၏ ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ယမန်နေ့ညနေ(၄)နာရီက အဆိုပါမဏ္ဍပ်၌ ဖွင့်လှစ်ခဲ့ကြပြီး သပြေခက်နှင့် အတာရေစင်သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲခဲ့ကြသည်။
ရှေးဦးစွာ မြိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က မဟာသင်္ကြန် အခါတော်စာတမ်းဖတ်ကြား၍ ဖွင့်လှစ်ပေးပြီး မဟာသင်္ကြန်မဏ္ဍပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း သင်္ကြန်တေးသီချင်းသီဆို၍ သင်္ကြန်ယိမ်းအကအလှများဖြင့် ဖျော်ဖြေကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သပြေခက်နှင့် အတာရေစင်သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ တော်ကို စတင်ဆင်နွဲခဲ့ကြသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် မဏ္ဍပ်တွင် သင်္ကြန်(၄)ရက်အတွင်း သင်္ကြန်ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီ ချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ရပ်ကွက်/ကျေးရွာများတွင်လည်း ဖျော်ဖြေရေးရေကစား မဏ္ဍပ်များဖြင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့်ဖျော်ဖြေခြင်း၊ ရေကစားခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာဆင်နွဲကြမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့၏ နှစ်သစ်ကူးအချိန်ခါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကာ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွားများအား လက်သည်းခြေသည်းညှပ်ပေးခြင်း ခေါင်းလျှော်ပေးခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)