ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားပြုလုပ်

ကျောက်ကြီး  ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ဆားတန်းရပ်ကွက် လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်ရာ မုခ်ဦးရှေ့၌ ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျောက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အားနှစ်စဥ်ကျင်းပပြုလုပ်လာခဲ့ပြီး ယခုနှစ်တွင် ဒေသခံပြည်သူများ ပျော်ရွှင်စရာ၊ စိတ်အပန်းဖြေစရာတစ်ရပ်အနေဖြင့် ဆားတန်း ရပ်ကွက်အလယ်လမ်းမကြီးပေါ်၌ လမ်းလျှောက် အတာသင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပွဲတော်ကာလတွင် ရိုးရာယဥ်ကျေးမှု မပျောက်ပျက်စေပဲ ရေကစားနိုင်အောင် စီမံဆောင်ရွက်ခြင်း၊ ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများကရက်အလိုက် စတုဒီသာများကျွေးမွေးဧည့်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှတ်(၃)စစ်ဗျူဟာမှူး၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ တို့က ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ သင်္ကြန်မုခ်ဦးအားအမွှေးနံ့သာ များပက်ဖြန်းခဲ့ပြီး ယိမ်းအဖွဲ့များက မြနန္ဒာသီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ရာ ယိမ်းအဖွဲ့အား အမှတ်(၃)စစ်ဗျူဟာမှူးနှင့် ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို အမှတ်(၃)စစ်ဗျူဟာမှူး၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးကဲများနှင့် ဌာနရုံးဝန်ထမ်းများ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ပြီး သင်္ကြန်ရေပက်ဖြန်းခြင်းဖြင့် ပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)