ငွေဆောင် ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့က ကြီးမှူးကျင်းပသည့် စည်ပင်သာယာရေးအဖွဲ့ဝင်များ ရဟန်းခံ၊ ရှင်ပြု မင်္ဂလာတော်အခမ်းအနားကို ယနေ့ဧပြီလ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့၊ နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ၆ လမ်းရှိ မရမ်းကုန်းသီလရက္ခိတကျောင်းတိုက်၌ ပြုလုပ်ခဲ့ရာ မြို့ဌာနဆိုင်ရာများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာရဟန်းခံ၊ ရှင်ပြုမည့်စည်ပင်သာယာရေးဝန်ထမ်းများအား မိသားစုဝင်များနှင့် လိုက်ပါပို့ဆောင်သူများသည် စည်ပင်သာယာရေးအဖွဲ့ရုံးမှ မရမ်းကုန်းသီလရက္ခိတ ကျောင်းတိုက်တော်သို့ စည်ကားသိုက်မြှိက်စွာ ရှင်လောင်းပို့ဆောင်ခဲ့ကြသည်။ ထို့နောက်အလှူတော်မင်္ဂလာ အခမ်းအနား ဆက်လက်ကျင်းပရာ မြို့ဌာနဆိုင်ရာများ၊ မြို့ရပ်မိရပ်ဖများ၊ ဧည့်ပရိတ်သတ်များ၊ ရဟန်းလောင်း၊ ရှင်သာမဏေလောင်းများမှ နမောတသာ သုံးကြိမ်ရွတ်ဆိုကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောင်းထိုင်ဆရာတော် ဥူးကေလာသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ဆံချမင်္ဂလာအခမ်းအနားအား ပြုလုပ်ရာ အလှူ့ဒါယကာ၊ အလှူ့ဒါယကာမများမှ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ဆရာတော်၊ သံဃာတော်အရှင်သူ မြတ်များက ဆံချမင်္ဂလာပြုလုပ်ပေးခြင်းအား ကြည်ညိုသဒ္ဒါပွားခဲ့ကြသည်။ ထို့နောက် အလှူတော်မင်္ဂလာ အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ကျောင်းထိုင်ဆရာတော် ဥူးကေလာသမှ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ်သို့ သွပ်သွင်းချီးမြှင့်ပေးခဲ့ပြီး အသီးသီးဘွဲ့များ ဆက်ကပ်ခဲ့ကြကာ သီလရက္ခိတကျောင်းတိုက်ရှိ သိမ်တွင် သိမ်တက်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်ယနေ့ ရဟန်းခံရှင်ပြုသည့် ရှင်သာမဏေများအပါအဝင် ပင့်သံဃာတော်များ၊ ကျောင်းရှိရဟန်းသံဃာ၊ ရှင်မဏေများစုစုပေါင်းရဟန်း၊ ရှင်သာမဏေ ၄၁ ပါးတို့အား သိမ်ဆင်းလောင်းလှူခဲ့ကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက်ပင့်သံဃာများနှင့် ရဟန်း၊ သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ငွေဆောင်