ဝေါမြို့နယ်တွင် ဝေါ-ဘုရားပျို-ထိန်တပင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

ဝေါ ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ထိန်တပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဝေါ-ဘုရားပျို-ထိန်တပင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက အဖွင့်အမှာစကားပြောရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ကျေးလက်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ရရှိပြီးသော ဖွံ့ဖြိုးမှုအခြေအနေများကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ကျေးရွာပြည်သူများ၏ လူမှုစီးပွားနှင့်ကုန်ထုတ်လုပ်မှုလွယ်ကူချောမွေ့ပြီး ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ရေးတို့အတွက် ဒေသခံပြည်သူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျေးရွာပြည်သူများကိုယ်စားရပ်မိရပ်ဖ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်း၊ ဗိုလ်မှူးရွှေသွေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ငြိမ်းငြိမ်းအိနှင့်(VDP)ကော်မတီဥက္ကဋ္ဌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဝေါမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ထိန်တပင်ကျေးရွာကွန်ကရစ်လမ်းသစ်ကို နိုင်ငံတော်မှ ကျပ်(၃၂၉.၈၇၀)သန်းဖြင့်  Effort & Efficiency Engineering Co.Ltd မှ ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး၊ အရှည်(၁)မိုင်၊ အကျယ်(၁၄)ပေနှင့် အမြင့်(၇)လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)