ငပုတော ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ငပုတောမြို့တောင်ပိုင်းရပ်ကွက် ယုဇနလမ်းမကြီးရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးဒေါ်နီလာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဥ်ကျေးမှု ဓလေ့ထုံးထမ်းများနှင့်အညီနှစ်သစ်ကူးပွဲတော်များ ကျင်းပရာတွင် မိမိတို့မြန်မာလူမျိုးများသည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းချိန်၌ မဟာရေသဘင်ပွဲတော်ကိုကျင်းပကြကြောင်း၊ နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ရေနှင့်ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကာ သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာယဥ်ကျေးမှုနှင့်အညီ ရိုးရာမပြတ်ဆက်လက်ထိန်းသိမ်းကြရန်နှင့် မင်္ဂလာအပေါင်းနှင့်ပြည်စုံစွာ နှစ်သစ်ကိုအတူတကွ ကြိုဆိုကြရမည်ဖြစ်ပါကြောင်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွဲ့ဝင်များနှင့်အတူ အတာသင်္ကြန်ရေဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား၊ ဖျော်ဖြေရေးအဖွဲ့များကိုအမွှေးနံ့သာရည်များပက်ဖျန်း၍ ပျော်ရွှင်စွာ ရေကစားကြသည်။ ယင်းနောက် တေးနုယဥ်မြန်မာမှု တေးဂီတအဖွဲ့နှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည် ။
ငပုတောမြို့နယ်တွင် ၁၃၈၄ ခုနှစ်မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ငရုတ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့တွင် အတာသင်္ကြန်ဗဟိုမဏ္ဍပ်များဆောက်လုပ်၍လည်းကောင်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကြီးများ၌ ရေကစားမဏ္ဍပ် (၆၉)ခုဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)