ကသာ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီအခြေခံ ပန်းချီ၊ ကာတွန်း၊ ပိုစတာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နွေရာသီအခြေခံ ပန်းချီ၊ ကာတွန်း၊ ပိုစတာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ၏ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဝါသနာပါရာ အတတ်ပညာတစ်ခုခုကို သင်ယူတတ်မြောက်စေရန်၊ သင်တန်းမှသင်ကြားလိုက်သော ပန်းချီအခြေခံပညာကို စာသင်ခန်းများတွင် လက်တွေ့အသုံးချတတ်စေရန်နှင့် ပန်းချီသင်တန်းမှ သင်ကြားပေးလိုက်သော အတွေးအခေါ်များ စိတ်ကူးစိတ်သန်းများကို လက်တွေ့နယ်ပယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စောကလျာက ရှင်းလင်းပြောကြားသည်။
အခမ်းအနားတွင် သင်တန်းကာလအတွင်း မော်ဒယ်ပုံတူရေးဆွဲခြင်း၊ သက်ငြိမ်ပုံတူရေးဆွဲခြင်းနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား စိတ်ကူးပုံဖော်ရေးဆွဲခြင်းတို့တွင် ထူးချွန်စွာရေးဆွဲခဲ့သူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်စောကလျာက ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းတွင် စေတနာအပြည့်ထား၍ သင်ကြားပြသပေးခဲ့ကြသော သင်တန်းနည်းပြဆရာ/ ဆရာမ(၃)ဦးအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ/ ဆရာမများအား သင်တန်းသား/ သင်တန်းသူများက နှစ်ဦးအကြို ကန်တော့ကြပြီး သင်တန်းသူကလေးများက သင်္ကြန်အကများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြသည်။ သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းသား/ သင်တန်းသူလေးများအား အချိုရည်နှင့်မုန့်များ ကျွေးမွေးခဲ့ပြီး နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ပျော်ရွှင်စွာ ရေပက်ကစားခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)