စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေး ပြုလုပ်

ကောလင်း အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဇာတိမာန် ခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကိုက  ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ရွေး ကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု/ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက် ဖြေရှင်းနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ချစ်စုလှိုင်က မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန် များကို ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်တီဝင်များက သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ အသီးသီး ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါ စေ့စပ်ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်း ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြင့်ထွန်းမင်း (မြို့နယ် ပြန်/ဆက်)