ငဖဲမြို့၌ (၇၁)ကြိမ်မြောက် သင်္ကြန်တွင်း မိုးကုတ်ဝိပဿနာခုနှစ်ရက်တရားစခန်းပွဲကျင်းပ

ငဖဲ ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ခွဲ အမှတ်(၁၀၇)၊ မင်္ဂလာမဂ္ဂင်ဓမ္မာရုံတွင် (၇၁)ကြိမ်မြောက် မိုးကုတ်ဝိပဿနာနိဗ္ဗာန်ဝင်လမ်းခုနှစ်ရက်တရားစခန်းပွဲကို ယမန်နေ့နံနက် ၅ နာရီမှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတရားစခန်းပွဲတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးသုဓမ္မချောင် ဓမ္မကထိကဆရာတော်ဘဒ္ဒန္တန္နကက သံသရာလည်လမ်း၊ ထွက်လမ်း၊ သစ္စာလေးပါးမြတ်တရားနှင့် ခန္ဓာဉာဏ်ရောက် သစ္စာဆိုက်အောင် မိုးကုတ်ဝိပဿနာတရားများကို ဧပြီလ ၁၇ ရက်နေ့ထိ (၇)ရက် ကြာ အထူးအလုပ် ပေး တရားပွဲအဖြစ်ဟောဖော်ညွှန်ပြသွားမည်ဖြစ်သည်။

တရားစခန်းပတ်ဝင် ယောဂီ (၁၄၂)ဦးရှိပြီး သံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများကို အလှူရှင်များက အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုရည်များ ဆက်ကပ်လှူဒါန်းဒါနပြုကြကြောင်းနှင့် မိုးကုတ်ဝိပဿနာတရားစခန်းပွဲကို တန်ခူးလနှင့် တန်ဆောင်မုန်းလတို့တွင် တစ်နှစ်လျှင်နှစ်ကြိမ် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း  သိရသည်။

မယု(ငဖဲ)