ကျွန်းလှမြို့နယ်တွင် ဒေသထွက်ခဝဲသီးနှံ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေ

ကျွန်းလှ ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ခဝဲသီးနှံ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 “ကျွန်တော် ဒီနှစ် ခဝဲအပင် ၅၀၀ စိုက်ပျိုးပြီး မျိုးဖိုး၊ မြေဩဇာဖိုး၊ အလုပ်သမားအပါဝင် ငွေကျပ် ၅၀၀၀၀ ခန့် ကုန်ကျပါတယ်။ အခုဆိုရင် ခဝဲသီးတွေ ဆွတ်ခူးပြီး စတင်ရောင်းချနေရပါတယ်။ အရင်နှစ်က ခဝဲသီး တစ်ပိဿာငွေကျပ် ၈၀၀ သာရောင်းခဲ့ရသော်လည်း ယခုလက်ရှိ ငွေကျပ် ၁၂၀၀ ရောင်းရပါတယ်။ ခဝဲစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး တွက်ခြေကိုက် သီးနှံဖြစ်ခြင်းကြောင့် စိုက်ပျိုးသင့်ပါတယ်” ဟု ရှမ်းစုကျေးရွာ ခဝဲစိုက်တောင်သူ ဦးအောင်မြတ်က ပြောပြသည်။

အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောက်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝမြေဩဇာ၊ သဘာဝပိုးပြေးဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ