မုံရွာ ဧပြီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင် ကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၌ ပုသိမ်ထီးအပါအဝင် ထီးအလက်ပေါင်း သုံးထောင်ကျော်ဖြင့် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံက သိရှိရပါသည်။
"မုံရွာမြို့ ကန်သာယာမှာရှိတဲ့ ဗဟိုမဏ္ဍပ်ရဲ့ ဘေးဝဲယာတစ်လျောက် လမ်းလျောက်သင်္ကြန်ကျင်းပနိုင်အောင် စီစဉ်ထားပါတယ်။ ပုသိမ်ထီး ၁၅၀၀ ကျော်နဲ့ ရောင်စုံထီး ၁၅၀၀ ကျော် စုစုပေါင်းထီးအလက် ၃၀၀၀ ကျော် ဆောင်ရွက်ထားရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ်၊ မုံရွာမြို့ကန်သာယာမှာကျင်းပပြုလုပ်မယ့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မည်သူမဆို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိတာဖြစ်လို့ လာရောက်ဆင်နွှဲကြဖို့လည်း ဖိတ်ခေါ်ပါတယ် " ဟု မုံရွာမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင် အလျား( ၉၀ )ပေ ၊ အနံ(၃၀)ပေရှိ ဗဟိုမဏ္ဍပ်နှင့်၀န်ကြီးဌာနများမှ မဏ္ဍပ်(၃)ခု အပါအဝင် ပွဲကြည့်စင်များ၊ စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ တည်ဆောက်လျက်ရှိပြီး ၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ယိမ်းအဖွဲ့(၁၅)ဖွဲ့နှင့် တစ်ပင်တိုင်အက (၈)တွဲတို့အား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆုနှင့်နှစ်သိမ့်ဆုများကို ဆုရွေးချယ်ရေးအဖွဲ့က စနစ်တကျရွေးချယ်ကာ ငွေသားနှင့်ဆုဖလားများ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေး ယိမ်းအဖွဲ့များလည်း မဏ္ဍပ်အသီးသီးတွင် အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းသိရပြီး နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်အကြိုနေ့မှ အတက်နေ့အထိ ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)