အရာတော် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးသိုက်ထွန်း ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် ကော်မရှင် အဖွဲ့ဝင်ဌာနဆိုင်ရာများက ယမန်နေ့ နေ့လည်(၁၁)နာရီအချိန်မှစကာ ဝါးရောင်းကျေးရွာ၊ ဝါးတန်းကျေးရွာ၊မလဲသာ၊မင်းရွာ၊နွားမသင်း၊ကမ်းပြူကျေးရွာ တို့ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မရှင် အဖွဲ့ဝင် များအား ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် နှိုးဆော်ပေးရန်၊ မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုမှုများအပေါ် ကူညီဆောင်ရွက်ပေးရန်၊ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို အောက်တိုဘာ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး အရာတော်မြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စု (၄၂) အုပ်စုတွင် နောက်ဆုံးအကြိမ် ကပ်ထား ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများ အရ မဲပေးပိုင်ခွင့်ရှိသူ ( ၁၄၀၆၇၀) ဦး ရှိပြီး လျာထားမဲရုံ (၁၂၃) ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇာဇာခိုင် ထံမှ သိရှိရသည်။
နွယ်နီမြင့်(မြို့နယ် ပြန်/ဆက်)