သာယာဝတီမြို့၌ မဲရုံလုံခြုံရေးများဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်လှစ်

သာယာဝတီ အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ်  ဆောင်ရွက်ရန် အတွက်  အထူးရဲများအား သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့  နံနက်(၇)နာရီအချိန်တွင် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးခင်ဇော်က  အဖွင့်အမှာစကား  ပြောကြားသည်။   အဆိုပါသင်တန်းတွင်  မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအဖြစ် တာဝန် ထမ်းဆောင်မည့်သူများအား မဲရုံဆိုင်ရာ လုံခြုံရေးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လိုက်နာရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပို့ချမည်ဖြစ်ပြီး သာယာဝတီမြို့နယ်အတွင်း  မဲရုံ(၁၀၇) ရုံရှိသည့်အတွက်  မဲရုံတစ်ရုံလျှင် အထူးရဲ တစ်ယောက်နှုန်းဖြင့်  အထူးရဲ (၁၀၅) ဦး ခေါ်ယူပြီး  သင်တန်းပို့ချပေးလျက်ရှိပြီး  သင်တန်းကို  အောက်တိုဘာ(၁) ရက်နေ့မှ (၂၈) ရက်နေ့ အထိ (၂၈) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)