မုံရွာ ဧပြီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ ဦးစီးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဧပြီလ ၈ ရက်နေ့၊ မွန်းလွဲ ပိုင်းတွင်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်ဒေသအဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နာဂဒေသအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ MSMEs လုပ်ငန်းများနှင့် လမ်းပန်း ဆက်သွယ်ရေးများ ကောင်းမွန်အောင်ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးနေမင်းသူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့သို့ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆာင်ရွက်မည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြပြီး မြို့မိမြို့ဖများနှင့် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော် မတီများမှ တာဝန်ရှိသူများက မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်/မြို့နယ်ဒေသအဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လဟယ်မြို့၊ ဟွေထိုက်အသေးစားရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်-၂ တည်ဆောက်ရေး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဝင်းက ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေး လုပ်ငန်းများဆောင် ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အကျယ် ၅ ဧကမြေပေါ်တွင် ရိုးရာကွင်းအသစ်တည် ဆောက်မည့် မြေနေရာနှင့် ပြည်သူ့အားကစားကွင်း ဘောလုံးကွင်းအဆင့်မြှင့်တင်နေမှုများအား လည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းဝန်းအတွင်း မြေထိန်းနံရံ၊ သိမ်ကျောင်းနှင့်ဆွမ်းစားဆောင် အဆောက်အဦပတ်ဝန်းကျင်ကွန်ကရစ်ခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)