ဘိုကလေးမြို့နယ်မှ ကျေးလက်နေ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူသူများ ဘဲဥဈေးကောင်းရရှိနေ

ဘိုကလေး ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်၍ အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနေ ဖြင့် ဈေးကွက်အတွင်း၌ ဘဲဥ ဈေးကောင်းရရှိလျက်ရှိသည်။

ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရာတွင် ဘဲမအကောင်ရေ (၂၀၀)မှ (၅၀၀)အထိ မွေးမြူကြပြီး ဘဲမအကောင်ရေ (၂၀၀)မွေးမြူထားသူသည် တစ်နေ့လျှင် ဘဲဥ (၁၅၀) လုံးခန့်ရရှိကြောင်း၊ အဆိုပါ ဘဲဥများအား ဈေးကွက်အတွင်းရောင်းချပါက တစ်လုံးလျှင် (၂၈၀)ကျပ်နှုန်းမှ (၃၀၀)ကျပ်အထိ  ရောင်းချရပြီးအနည်းဆုံးဘဲမအကောင်ရေ (၂၀၀)ခန့် မွေးမြူသူ အနေ ဖြင့် တစ်ရက်လျှင် ငွေကျပ်(၄၅၀၀၀)ခန့် နေ့စဉ် အပိုဝင်ငွေရရှိလျက်ရှိသည်။

တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ဘဲမွေးမြူသူတစ်ဦးမှ "ဘဲမတွေက အသက်(၅) လကနေစပြီး အသက် (၃) နှစ်ကျော်အထိ ဥလေ့ရှိပါတယ်၊ ဘဲမွေးမြူဖို့ တော်ရုံတန်ရုံ ဝါးခြံလောက် ဆောက်ထားရင်မွေးလို့ရပြီး လယ်ကွင်းတွေ၊ ချောင်း၊ မြောင်းတွေထဲမှာပဲ လွှတ်ကျောင်းထားကြတာများပါတယ်၊ အစာအနေနဲ့ကဘဲအရွယ်ငယ်တဲ့အချိန်မှာ ထမင်း၊ ဖွဲနုကျွေးရပြီးတော့ လွှတ်ကျောင်းတဲ့အရွယ်ရောက်ရင် လယ်ထဲ၊ ချောင်းထဲက ခရု၊ တီကောင်၊ ရေမှော်နဲ့ ပိုးကောင်မွှားကောင်များကို ရှာဖွေစားသောက်ကြတက်ပါတယ်" ဟု ပြောကြားသည်။

ဘိုကလေးမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ လေးပုံတစ်ပုံခန့်သည် အပိုဝင်ငွေ ရရှိရေးအတွက် ဘဲမွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်လေ့ရှိပြီး ဘဲဥများကို အရောင်းအဝယ် ဒိုင်များသို့ ရောင်းချခြင်း၊ ဓာတ်ဘဲဖောက်ဆိုင်များသို့ ရောင်းချခြင်း၊ ဈေးကွက်များသို့ တင်သွင်းဖြန့်ဖြူးခြင်းများနှင့် ဘဲထီးများ၊ အရွယ်လွန်၍ မဥနိုင်တော့သည့် ဘဲမများအား အသားဈေးဖြင့် ဈေးကွက်သို့ရောင်းချခြင်းဖြင့် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေးလုပ်ကိုင်သူများ အနေဖြင့် ဘဲဥဈေးကောင်းရရှိကာ အပိုဝင်ငွေများ နေ့စဉ်ရရှိလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)