တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အကြောင်း Talk Show ပြုလုပ်

တနင်္သာရီ ဧပြီ ၁၀

၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အကြောင်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှပြည်သူများသိရှိရန် ထုတ်ပြန်ခဲ့သော မဟာသင်္ကြန်ပွဲတော်အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမအတွင်းတွင် ပြုလုပ်ခဲ့သည်။

၎င်း Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးထိန်ဝင်းက မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၁၀)ရက်မှ(၁၂)ရက်နေ့သည် နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော်ဖြစ်၍ မြန်မာလူမျိုးများက သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ရဟန်းခံရှင်ပြုမင်္ဂလာများကျင်းပခြင်းနှင့် တိရစ္ဆာန်များကိုဘေးမဲ့လွတ်ခြင်းစသော ကောင်းမြတ်သောမင်္ဂလာအမှုတို့ကိုပြုလုပ်ကြပြီး တစ်ဦးနှင့်တစ်ဦးကြည်လင်သန့်ရှင်း မွှေးပျံ့သင်းသည့်နံ့သာရည်များနှင့်သပြေခက်ဖြင့် ပက်ဖျန်းကြသည့် နှစ်သစ်ကူးမင်္ဂလာ ဓလေ့အစဉ်အလာများဖြစ်ကြောင်း ပဏာမဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်သင်းစံပယ်ဖြူက ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပရခြင်း၏ ရည်ရွယ်ချက်(၄)ရပ်ကို ရှင်းလင်းဆွေးနွေးပေးသည်။

ဆက်လက်၍ ဦးစီးအရာရှိဦးထိန်ဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သော ရည်ရွယ်ချက်များကို ထိန်းသိမ်းသောအားဖြင့် လူငယ်တို့သဘာဝ ပျော်လွန်ရာမှ ရှောင်ကျဉ်ကြပါရန် နှိုးဆော်ချက်(၆)ချက်ကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)