ကလေး ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ စစ်ကိုင်းမြို့မြစကြာကျောင်းတိုက်မှ မန္တလေးမြို့ ပရိယတ္တိသာသနာသာမဏေကျော်ဘွဲ့၊ သူငယ်တော်တောရပရိယတ္တိသာသနာသာမဏေကျော်ဘွဲ့ နိုင်ငံတော်အစိုးရ ဝိနယဝိဒူဘွဲ့ (၃)ဘွဲ့ရရှိတော်မူသော သာသနာ့အာဇာ နည် အရှင်ဝီရိယာလင်္ကာရ၏ ဂုဏဝိသိဋ္ဌပူဇာအခမ်းအနားကို ယနေ့နံနက်ပိုင်းကအောင်ချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို ကြွရောက်လာကြသည့် သံဃာတော်များနှင့် တရားနာပရိတ်သတ်တို့မှ နမောတဿသုံးကြိမ်ရွက်ဖတ်ပူဇော်၍ အခမ် းအနားကိုဖွင့်လှစ်ခဲ့ပြီး ကံသာယာဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆွမ်းပန်းရေချမ်းတို့ကို ကပ်လှူပူဇော်၍ ကြွရောက် လာကြသည့်သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သာသနာ့အာဇာနည် အရှင်ဝီရိယာလင်္ကာရထံ ဘွဲ့တံဆိပ်တော်၊ အဆောင်ယောင် ပစ္စည်းများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရွှေရည်ဟိန်း ဆရာတော်မှ သာသနာ့အာဇာနည် အရှင်ဝီရိယာလင်္ကာရ၏ထေရုပ္ပတ္တိကို ဖတ်ကြားခြင်း၊ တေးသံရှင်ခင်ရတနာမိုးမြင့်မှ တောင်ဦးဆရာတော် ရေးသား ပူဇော်သည့် တေးထပ်များကို သီဆို ပူဇော်ခြင်းနှင့် ချမ်းမြေ့အောင်စည်ဆရာတော်ဘုရားကြီးမှ ချီးကျူးထောပနာ ဂုဏ်ပြုဂါထာတော်တို့ကို မိန့်ကြားခဲ့ကြပြီး မဟာသံသာရုံကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချ အနုမောဓနာ တရားနာယူ၍ ဗုဒ္ဓသာသနံစီရံတိဋ္ဌတုသုံးကြိမ်ရွက်ဖတ်ပူဇော်၍ အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)