ဟင်္သာတ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ယာဥ်များ၊ စျေးအရန်မီးသတ်တပ်ဖွဲ့ပိုင်စက်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းများကို ယနေ့နံနက် ၈ နာရီက ဥယျာဥ်မြောက်ရပ်ရှိ ပဒေသာစျေးကြီးတွင် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပဒေသာဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား(၆၀)ဦးတက်ရောက်ခဲ့ကြပြီး မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့်လည်ကောင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ရေစုပ်စက်များ၊ ရေတင်စက်များ၊ စျေးအတွင်းအသင့် တပ်ဆင်ထားရှိသော မီးသတ်ပိုက်များ၊ စက်များအသုံးပြု၍ ပဒေသာဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများအား ဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတမြို့ ပဒေသာဈေးကြီးတွင် စျေးဆိုင်ခန်းပေါင်း(၁၂၁၀)ခန်းနှင့်ဌေးဝင်းဈေးကြီးတွင် ဆိုင်ခန်းပေါင်း(၅၇၅)ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းနှင့် ဈေးတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ အန္တရာယ်ကင်းရှင်းရေး၊ မီးသတ်ရေကန်နှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်ခြင်း ရှိ/မရှိ များကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ