စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ဧပြီလ ၇ ရက်၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ မကျန်-တိုက်ရံကျေးရွာလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က  မကျန်-တိုက်ရံကျေးရွာချင်း ဆက်လမ်းသည် ကျေးရွာအုပ်စု ၃၀ စု၊ ကျေးရွာပေါင်း ၃၇ ရွာ သွားလာအသုံးပြုနေသည့် ကျေးလက်လမ်းတစ်လမ်းဖြစ်သည်နှင့်အညီ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် များစွာအရေးပါသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် နာဂဒေသတိုင်းရင်းသားလူမျိုးများအတွက် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများတွင် အရေးပါသည့်လမ်းဖြစ်၍ ယခုတံတားသစ်အားတည်ဆောက်ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလတ်နေပြည်သူများသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် နှစ်အလိုက်ဘက်ဂျက်များရေးဆွဲပြီး လမ်း၊ တံတားများကို ဆောင်ရွက်ပေးခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းဝင်းခိုင်က မကျန်-တိုက်ရံကျေးရွာလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံတိုင်းရင်းသားများ ကိုယ်စားဦးဘာမာန်ဟွန်းရှောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဝင်းခိုင်တို့က မကျန်-တိုက်ရံကျေးရွာလမ်းပေါ်ရှိ သံကူကွန် ကရစ်တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရိုးရာအကအဖွဲ့များအား ဂုဏ်ပြဆုငွေများ ပေးအပ်ချီးမြင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ကွန်ကရစ်တံတားသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ လဟယ်မြို့နယ်၊ မကျန်-တိုက်ရံကျေးရွာလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားသစ်သည် အလျား - ၆၀ ပေ၊ အကျယ် - ၂၀ ပေ၊ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး လဟယ်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ်၊ တိုက်ရံလွင်ပြင်တွင် ကုန်းမြင့်လယ်ယာဖော်ထုတ်ပြီးစီးမှု ဒေသခံတိုင်းရင်းသားတောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များ၊ လယ်ယာသုံးပစ္စည်းများနှင့် သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝပတ်ဝန်းကျင် သာယာလှပမှုနှင့် တောတောင်စိမ့်စမ်းများ ရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုမှန်ကန်စေရေးတို့အတွက် အဟန့်အတားဖြစ်စေသည့် တောင်ယာခုတ်ကာစိုက်ပျိုးသည့် အလေ့အထပပျောက်ကာ ချောင်းရေအားအသုံးပြု၍ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်မည့် လယ်ယာစနစ်အား ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ကုန်းမြင့်လယ်ယာများ ဖော်ထုတ်ပေးရခြင်းဖြစ်ပါကြောင်းနှင့် ဝမ်းစာစပါးနှင့်အခြားသီးနှံများဖူလုံရေးအတွက် တိုက်ရန်ချောင်းဝန်းကျင်အား လယ်ယာမြေများ ဆက်လက်ဖော်ထုတ်ပေးကာ စပါးနှင့်အခြားသီးနှံများကို တစ်နှစ်ပတ်လုံးစိုက်ပျိူးနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းက လဟယ်မြို့နယ်၊ တိုက်ရံလွင်ပြင်တွင် ကုန်းမြင့်လယ်ယာဖော်ထုတ်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတိုင်းရင်းသားများထံ တောင်သူတစ်ဦးချင်း၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတိုင်းရင်းသားများထံ လယ်ယာသုံးပစ္စည်းများနှင့် သွင်းအားစုများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနာသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယနေ့အခမ်းနားတွင် လဟယ်မြို့နယ်၊ တိုက်ရံလွင်ပြင်တွင် ကုန်းမြင့်လယ်ယာ ၈၃.၃၄ ဧကအား ကျေးရွာ ၅ ရွာမှ တောင်သူ ၈၃ ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာ၌ ကုန်းမြင့်လယ်ယာမြေ  ၅ ဧကဖော်ထုတ်ကာ စိုက်ပျိုးထားသည့် နေကြာသီးနှံနှင့်ပဲပုပ်စိုက်ခင်းအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တိုက်ရန်ချောင်းကူး ယာယီတံတားအား ဖြတ်သန်းကြည့်ရှု၍ တံတားတည်ဆောက်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီးနောက် တိုက်ရံကျေးရွာ၌ အလျား- ၁၂၀ ပေ၊ အနံ - ၃၀ ပေ၊ အမြင့် - ၁၂ ပေရှိ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆပ္ပလော်နောက် ကုန်းကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဆရာတော်ထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အလှူငွေကျပ် ၁၀ သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ကာ  ဧပြီလ ၈ ရက်၊ နံနက်ပိုင်းတွင် ဆော်လော်နောက်ကုန်းကျေးရွာသို့ရောက်ရှိရာ ဒေသခံတိုင်းရင်းသားများက ရင်းရင်းနှီးနှီးကြိုဆိုကြပြီး ဆော်လော်နောက်ကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)