ပွင့်ဖြူ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိသည့် စားဖိုချောင်သီးနှံစုံစိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် စားဖိုချောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျအကျိုးရှိစွာအသုံးချပြီး နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်သီးနှံများဖြစ်သည့် ခရမ်းချဉ် ၊ ဘူး ၊ ဖရုံ ၊ သခွါး ၊ ခရမ်း ၊ မုံလာဥနီ ၊ မုံလာဥဖြူ ၊ ပန်းမုံလာ ၊ ဂေါ်ဖီထုပ် ၊ ဆလပ် ၊ မုံညှင်း ၊ ကြက်ဟင်းခါး ၊ တိုင်ထောင်ပဲသီး ၊ ပဲရှည်သီး ၊ ငရုတ် ၊ ကြက်သွန်စသည့် သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့ ဒေသမှာ တောင်သူအများစုက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားဖြစ်လုပ်ကိုင်ကြတာပါ။ စိုက်ပျိုးရေဖူလုံတဲ့အတွက် (နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလိုပွင့်လင်းရာသီချိန်မှာ စားဖိုချောင်သီးနှံစုံ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းက မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိလို့ အဆင်ပြေပါတယ်။ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းက အခြားသီးနှံတွေထက် စီးပွားရေးတွက်ခြေကိုက်တယ်ဗျ။ တောင်သူအများစုစိုက်ပျိုးတဲ့ စားဖိုချောင်သီးနှံတွေကတော့ ဘူး ၊ ဖရုံ ၊ သခွါး ၊ ကြက်ဟင်းခါး ၊ ခရမ်း ၊ မုံလာဥဖြူ ၊ မုံလာဥနီ ၊ အာလူး ၊ ခရမ်းချဉ် ၊ ခရမ်းစိမ်း ၊ ခရမ်းညို ၊ နံနက် ၊ ပန်းမုံလာ ၊ ကန်စွန်း ၊ ချဉ်ပေါင် ၊ ဆူးပုပ်စတဲ့ သီးနှံတွေ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ရှည်သီးနှံဖြစ်တဲ့ သံပုရာ ၊ ပိန္နဲ ၊ သရက် ၊ သင်္ဘော စတဲ့ သီးနှံတွေကိုလဲ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )