ဘားအံ ဧပြီ ၉
ရေအရင်းအမြစ်စီမံခန့်ခွဲမှု အားကောင်းလာစေရေးနှင့် ရေအရင်းအမြစ်များကို ထိထိရောက် ရောက်အကျိုးရှိရှိ အသုံးချနိုင်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက ဘားကပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၊ တရုတ်လှ လျှပ်စစ်မြစ်ရေ တင်လုပ်ငန်း နှင့်မြစ်ရေတင်အကျိုးပြုဧရိယာများအတွင်းစိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်လျှပ်စစ်မြစ်ရေတင် လုပ်ငန်းအားကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက ဘားကပ်လျှပ်စစ်ရေတင်သည် စိစစ်ဧက ၁၂၀၀ ဖြစ်ပြီး မြို့ပြပိုင်းအနေဖြင့် ရေပေးမြောင်း ၁၇၁၀၀ ပေ၊ ရေပေး အဆောက်အဦ ၁၃ ခုရှိကာ ယခုနှစ်တွင် နွေသီးနှံ ၄၉၂ ဧက စိုက်ပျိုးထားရှိကြောင်း၊ စိုက်ဧကများလျာထားတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပိုမိုရရှိရန်လိုအပ်နေပြီး စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးတောင်သူများအား စည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေလုံ လောက်စွာရရှိနိုင်ရေးနှင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် 37 KW Motor (၂)စုံအား ဆိုလာစနစ်ပြောင်း လဲတပ်ဆင်တပ်ဆင်ရန်၊ ရေဝပ်ဧရိယာများတွင် ရေနှုတ်မြောင်းများတူး ဖော်ပေးရန် လမ်းညွှန်မှာကြားခဲ့ကာ ရသေ့ပျံ၊ ဘားကပ်၊ တောကြီးကုန်း၊ ဆင်ကျုံးကျေးရွာများမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နှစ်သီးစားမှသုံးသီးစားသို့ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံပုံစံနှင့် မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ နည်းပညာနှင့်အကူအညီများပေးအပ်နိုင်ရေး၊ စိုက်ပျိုးရေကို အကျိုးရှိ ထိရောက်စွာအသုံးချနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် 37 KW Motor (၄)စုံဖြင့် သံလွင်မြစ်မှရေကို လျှပ်စစ်ဖြင့် စုပ်တင်၍စိုက်ပျိုးရေပေးဝေနေမှုအခြေအနေ၊ ရသေ့ပျံကွင်း၊ ဘားကပ်အနောက် ကွင်းတို့တွင် ဘားကပ်လျှပ်စစ်မြစ် ရေတင်လုပ်ငန်းမှစိုက်ပျိုးရေကိုရယူ၍ နွေသီးနှံစိုက်ပျိုးထားရှိ မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်ကျောင်းကြီး ဆရာတော်ဘဒ္ဒန္တသု ပါကဋအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင် ရာများအား လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဘားကပ်လင်းနို့ဂူမှ လင်းနို့ချေးကို ရယူ၍ သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ပြည်နယ်ဦးစီးမှူး ဦးကျော်စွာဦးက ဒေသခံတောင်သူများ၏တောင်းဆိုမှုအရ မိုးစပါးအောင်ရေနှင့် နွေးသီးနှံရေပေးဝေနိုင်ရေး ၂၀၀၁-၂၀၀၂ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၂-၂၀၀၃ ခုနှစ်တွင် စတင်ရေပေးဝေနိုင်ခဲ့ကြောင်း၊ မြစ်ရေတင်၏စိစစ်ဧကမှာ ၁၀၀၀ ဖြစ်ပြီး ယခုနှစ်တွင် နွေသီးနှံ ၅၇၀ ဧကကို ရေပေးဝေဆောင်ရွက်လျှက်ရှိကြောင်း ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် Motor နှစ်စုံအား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်သို့ပြောင်းလဲတပ်ဆင်ရန်၊ လက်တံမြောင်းထိပ်ရှိစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မြေသားမြောင်း၊ လယ်ကြားမြောင်းများထပ်မံတိုးချဲ့ရန် လမ်းညွှန်မှာကြားကာ တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ (ကမော့ကစင်)၊ နောင်ခလိုင်၊ ကော့ခမိတ် ကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်၊သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စည်းရုံး မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ ရေပေးဝေ စိုက်ပျိုး လုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘားအံမြို့ရှောင်လမ်းတွင် ကုန်တင်ယာဉ်များစစ်ဆေးရေးစခန်း တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)