ခန်ကုန်းကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများအတွက် သီးနှံမျိုးစေ့များနှင့် အိမ်ထောင်စုဇယား၊ မှတ်ပုံတင်များ အခမဲ့ထောက်ပံ့ပေးအပ်

မင်းဘူး          ဧပြီ               ၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ခန်ကုန်းကျွေးရွာမှ မီးဘေးသင့်ပြည်သူများ ရာသီအလိုက်သီးနှံများကို အချိန်မီစိုက်ပျိုးနိုင်စေရန်အတွက် စမုံနက်နှမ်းမျိုးစေ့များနှင့် မီးလောင်ပျက်စီးသွားသည့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်)များကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျေးရွာ၊ ရတနာပုံကျောင်းဓမ္မာရုံ၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မီးဘေးသင့်အိမ်ထောင်စုများမှ တောင်သူ(၁၄)ဦး၏ စိုက်ဧက(၇၅)ဧကအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ဧကမျိုးစေ့ကုန်ကျမှု သတ်မှတ်စံနှုန်းများနှင့်အညီ တစ်ဧကလျှင် စမုံနက်နှမ်းမျိုးစေ့ (၂)ပြည်နှုန်းဖြင့် (၉)တင်းခွဲကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်း မီးဘေးသင့်အိမ်ထောင်စု(၂၉)စုအတွက် အိမ်ထောင်စုဇယား(၂၉)ရွက်နှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား(၄၅)ကဒ်ကိုလည်းကောင်း တာဝန်ရှိသူများက အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာ၌ ဧပြီလ ၂ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကာ အိမ်ထောင်စု(၃၄)စုမှ အိမ်ခြေ(၃၂)လုံး၊ လူဦးရေ(၁၄၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း၊ အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများအတွက် နွေ၊ မိုး၊ ဆောင်း၊ ရာသီအလိုက် စိုက်ပျိုးသွားမည့် သီးနှံမျိုးစေ့များကို စိုက်ပျိုးချိန်အမီ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မီးဘေးသင့်အိမ်ထောင်စုများ၏ ဝိုင်းကွက်များ၊ လမ်းအကျယ်များကို သတ်မှတ်ဆောင်ရွက်ပေးသွားမည့်အပြင် မီးဘေးသင့်အိမ်ထောင်စုများအလိုက် သက္ကယ်မိုး၊ ထရံကာ၊ ကြမ်းခင်းသုံးပင်အိမ်နှင့် အိမ်သာများကို အခမဲ့ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)