မော်လိုက်မြို့၌ အင်္ဂလိပ်စာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မော်လိုက် ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ Basic English Grammar & Four Skills သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန့်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေစီမံ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ သင်တန်းသား/သင်တန်းသူများနှင့် ၎င်းတို့၏မိဘ များတက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးလွင်က နိုင်ငံတာဝန်များကိုထမ်းဆောင်ရမည့် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ (Grammar)ကို နားလည်ပြီး အရေးစွမ်းရည်၊ အဖတ်စွမ်းရည်၊ အပြောစွမ်းရည်၊ နားထောင်စွမ်းရည်များ ပိုမိုတတ်ကျွမ်းနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး သင်တန်းနည်းပြ ဦးစိုးတင့်(ပညာရေးအငြိမ်းစား)က သင်တန်းသင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက Writing Skill နှင့် Reading Skill တွင် ဆုရသင်တန်းသား/သင်တန်းသူ (၁၅)ဦးအား ဆုများအသီးသီးချီးမြှင့်ကြပြီး ခရိုင်ပြန်/ဆက် ဦးစီးဌာနမှူးဦးဇေယျာဝင်းက သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများက Basic English Grammar & Four Skills အစီအစဉ်လေးခုဖြင့် သရုပ်ပြကြသည်။

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် Basic English Grammar & Four Skills သင်တန်းကို (၁၃.၃.၂၀၂၃)ရက်မှ (၇.၄.၂၀၂၃)ရက်နေ့အထိ ရက်သက္တပတ် (၄)ပတ် ကြာမြင့်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၆၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)