ပုသိမ် ဧပြီ ၈
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့နက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်(၈)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြီးခဲ့သည့်နှစ်က အားနည်းချက်များအား သုံးသပ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာနှစ်အစမှပင် ဆောလျင်စွာဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ ငွေထုတ်ယူသည့်လုပ်ငန်းများ ဆောင်ရွက်သည့်အခါ၌လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ သေချာစိစစ်၍ စီမံဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ဒေသလိုအပ်ချက်များကိုလည်း ဒေသခံပြည်သူများ၏ တင်ပြချက်များအား အလေးထား၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက်လျာထားဆောင်ရွက်ရန်လိုပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးအား အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာရန် ကြိုးပမ်းရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရောက်စေရေးနှင့် စံနမူနာပြတိုင်းဒေသ ကြီးဖြစ်စေရေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ပိုမိုအောင်မြင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူထားသည့် ကဏ္ဍများအလိုက် ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း”ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများအား တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်များအားလည်းကောင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)