ရေကြည် အောက်တိုဘာ ၂
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရုံးကွက်သစ် အ.မ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေမှူးဦး မင်းခိုင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွှန့်က ဥပဒေအကြောင်း သိကောင်းစရာများ၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများ၊ ရွေးကောက်ပွဲ ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရဲကျင့်ဝတ်ဘာသာရပ်များ၊ အထူးရဲတာဝန်များ၊ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အထူးရဲသင်တန်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရေကြည်မြို့နယ်တွင် (၃)နေရာခွဲ၍ ဖွင့်လှစ်လျက်ရှိရာ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင် (၁၁၉)ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)