ဘိုကလေး ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့သောလူမှုရေးပင်စင်(၃)ကြိမ်နှင့် ကိုယ်ဝန်ဆောင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (၂)ကြိမ်ထောက်ပံ့နိုင်ခဲ့သည်။
ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုရေးပင်စင်ဟုခေါ်ဆိုသည့် (၁)လလျှင်(၁)သောင်းကျပ်နှုန်းဖြင့် (၃)လလျှင်(၃)သောင်းကျပ်နှုန်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအားထောက်ပံ့မှုသည် (၃)လတစ်ကြိမ်နှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း (၃)ကြိမ်ထောက်ပံ့နိုင်ခဲ့ပြီး ၎င်း(၃)ကြိမ်အတွက် စုစုပေါင်း ထောက်ပံ့ငွေမှာ(၇၄၂၈၀၀၀၀)ကျပ်ရှိကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း (၃)လစာတစ်ကြိမ်နှင့် (၁)လစာတစ်ကြိမ် စုစုပေါင်း(၂)ကြိမ် ထောက်ပံ့နိုင်ခဲ့ပြီး ၎င်း(၂)ကြိမ်အတွက် စုစုပေါင်း(၅၄၁၂၃၀၀၀၀)ကျပ်ရှိကြောင်း သိရသည်။
အခြားသော ထောက်ပံ့မှုများအဖြစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ(၁)ရက်နေ့၊ သက်ကြီးရွယ်အိုများနေ့တွင် ဘိုကလေးမြို့နယ်မှ အသက်အကြီးဆုံး အဘွား(၁)ဦးအား (၁)သိန်းကျပ်၊ မြို့နယ်အတွင်းမှ ကိုယ်အားကိုယ်ကိုး မူကြို (၂၆)ကျောင်းနှင့် မိခင်ဝိုင်း (၁၁)ဝိုင်းတို့ရှိ တာဝန်ခံဆရာမ၊ သင်ကြားရေးနည်းပြ၊ မိခင်ဝိုင်းခေါင်းဆောင်တို့အတွက် လစဉ်တိုင်း လစာထောက်ပံ့ငွေများ၊ ကလေးများအတွက် အာဟာရဖိုး ထောက်ပံ့ငွေများ၊ သင်ထောက်ကူပစ္စည်းဖိုးများ ထောက်ပံ့နိုင်ခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာရှိ ရတနာ့မဉ္ဇူပရဟိတကျောင်းနှင့် ကွင်းဝိုင်းကျေးရွာရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာတို့အတွက် ဆန်ရိက္ခာအပါအဝင် စားစရိတ်နှင့် အဝတ်အစား ထောက်ပံ့မှုများလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)