နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း နှစ်သစ်အကြို အတာသင်္ကြန်အိုးများ ရောင်းအားသွက်

နတ်မောက် ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မစည်ပင်သာယာရေးဈေးအတွင်း မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်းနှစ်သစ်အကြို အတာသင်္ကြန်အိုးများ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။

“ ကျွန်မကတော့ ဈေးအတွင်း မြေအိုးများဖြစ်သည့် သောက်ရေအိုး၊ ပန်းအိုး၊ ဘုရားအိုး၊ မြူအိုး ၊ ဆီမီးခွက်၊ သင်္ကြန်အတာအိုးစသည့်မြေအိုးများကို ရောင်းချပါတယ်၊  အိုးများကို မြို့နယ်အတွင်းမှာရှိတဲ့ ရွှေကွေ့ကျေးရွာနှင့် ကျောက်ပန်းတောင်းမြို့နယ် ညောင်တိုကျေးရွာ၊ မြို့သစ်မြို့နယ်များမှ အိုးများမှာယူရောင်းချခြင်းဖြစ်ပါတယ်၊ သင်္ကြန်ကာလရောက်သည့်အတွက် မြန်မာ့ရိုးရာအတာသင်္ကြန်အိုးများကို အိမ်တိုင်းဝယ်ယူကြလေ့ရှိရာ သင်္ကြန်မရောက်မီ တစ်ရက်အလိုမှစပြီး အတာအိုးများကို ရေသန့်စင်၍ ရာသီပေါ်ပန်းများဖြစ်သည့် မြေစာမြက်၊ တမာ၊ အောင်သပြေ၊ အုန်းညွန့်၊ လသာပန်းများထည့်၍ အမွေးနံ့သာများပက်ဖြန်းကာ နှစ်သစ်ကို ကြိုဆိုလေ့ရှိပါတယ်၊ ခုဆိုရင် အတာအိုးတစ်လုံးကို ၅၀၀ ကျပ်မှ ၇၀၀ ကျပ်အထိရောင်းချနေပါတယ်ဟု” မြို့မစည်ပင်သာယာရေးဈေးအတွင်း အိုးရောင်းချသူဒေါ်နုကပြောသည်။

လှဝင်း