မကွေး ဧပြီ ၈
မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများအခြေပြုကင်းထောက်ဖွဲ့စည်းရေးနှင့် ဆရာဖြစ်သင်တန်း(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၇ ရက် ယနေ့နံနက် ၉ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သီရိပျံချီဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ်၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ၊ ကင်းထောက်သင်တန်းတွင် သင်ကြားပြသပေးကြမည့် စီနီယာကင်းထောက်(ဆရာ/ဆရာမ)များ၊ သင်တန်းသားမောင်မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကင်းထောက်မောင်မယ်များက ကင်းထောက်များ၏ ရှေ့သို့ခြေလှမ်း သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် ဒီကနေ့ဟာ မကွေးတိုင်းဒေသကြီးအတွက် မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နေ့တစ်နေ့ဖြစ်တဲ့အပြင် ဂုဏ်ယူဖွယ် မှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့တဲ့နေ့အဖြစ်လည်း မှတ်တမ်းတင်ရမဲ့နေ့ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းစိတ်အပြည့်ရှိတဲ့ ကင်းထောက်မောင်မယ်များကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့သလို အခြေခံပညာကျောင်းများ အခြေပြုကင်းထောက်အဖွဲ့များ ဖွဲ့စည်းနိုင်ရေး အားဖြည့်ပေးမည့် ကင်းထောက်ဆရာဖြစ်သင်တန်းကိုလည်း တစ်ပြိုင်တည်း အောင်မြင်စွာဖွင့်လှစ် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ အားကိုးထိုက်သော မျိုးဆက်သစ်များဖြစ်လာနိုင်ရန်အတွက် အခုကတည်းက လေ့ကျင့်ပြုစုပျိုးထောင် ပေးနေခြင်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ တာဝန်အမျိုးမျိုးကို ကျရာနေရာမှ ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း၊ ကင်းထောက်သည် စစ်သဘောမပါ၊ နိုင်ငံရေးမစွက်၊ လူမှုရေးသက်သက်ဖြစ်ကြောင်း နားလည်သိရှိဆောင်ရွက်တတ်သူများ ဖြစ်လာစေရေးအတွက် သင်ကြားလေ့ကျင့်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ ကင်းထောက်ဆရာဖြစ် သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများကိုလည်း ကင်းထောက်ဆိုင်ရာ အတတ်ပညာ၊ အသိပညာများကို ဆရာတစ်ဦးအဖြစ် ပြန်လည်သင်ကြားဦးဆောင်နိုင်စေသည်အထိ ရည်ရွယ်လေ့ကျင့်ပေးခဲ့တာဖြစ်ပါကြောင်း၊ ယနေ့ သင်တန်းမှ မွေးထုတ်လိုက်သော ကင်းထောက်ဆရာနှင့် ကင်းထောက်မောင်မယ်များက မိမိတို့ မြို့နယ်တွေ ပြန်ရောက်တဲ့အခါ သင်တန်းတွေဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ကြခြင်းဖြင့် ကင်းထောက်လူငယ် မောင်မယ်အင်အားတွေ ပွားများစေပြီး လူမှုဝန်ထမ်းစိတ်ပြည့်ဝသော လူမှုအသိုက်အဝန်းကြီးဖြစ်တည်လာအောင် ကြိုးပမ်းကြဖို့လည်း လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ကင်းထောက်သင်တန်းကို ကျောင်းသား(၄၈)ဦးနှင့် ကျောင်းသူ(၄၅)ဦး၊ မြို့နယ်အသီးသီးမှ သင်တန်းသား ဆရာ/ ဆရာမ(၃၆)ဦး၊ စုစုပေါင်း(၁၂၉)ဦးဖြင့် မကွေးပညာရေး ဒီဂရီကောလိပ်မှာ(၁၀)ရက်ကြာ တက်ရောက်ခဲ့ကြပြီး ပူပြင်းတဲ့ရာသီကို အန်တုပြီး သင်တန်းပြီးမြောက်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားသင်ယူခဲ့ကြသူများနှင့် သင်ကြား ပို့ချပေးခဲ့ကြသော နည်းပြများကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ ကင်းထောက်ဖခင်ကြီး ဗေဒင်ပိုဝဲပြောကြားတဲ့အတိုင်း ကင်းထောက်လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏ အနာဂတ်နိုင်ငံသားများ၏အဆင့်ကို မြှင့်တင်ပေးရန်ဖြစ်၏၊၊ အထူးသဖြင့်စာရိတ္တပိုင်းဆိုင်ရာနှင့် ကျန်းမာကြံ့ခိုင်ရေး ဆိုင်ရာတို့တွင်ဖြစ်သည်။ အတ္တကို လုပ်အားဖြင့် အစားထိုးကာ လူငယ်များ၏ တစ်ဦးချင်းစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များ မြှင့်တင်ပေးပြီး သူတို့၏ တိုးတက်လာသော အရည်အသွေးများကို လူသားများအတွက် အလုပ်အကျွေးပြုရန်ဖြစ်သည်ဟူသည့် မျှော်မှန်းခဲ့သည့်အတိုင်း လိုက်နာ လုပ်ဆောင်ကြဖို့ ၊ ကင်းထောက်တိုင်းသည် အတ္တ၊ ဒေါသ၊ မောဟနှင့် မာန်မာန လုံးဝမရှိစေပဲ လူမှုဝန်ထမ်းလုပ်ငန်းများကို မိမိအသက်ထက်ဆုံး ပါဝင်ဆောင်ရွက်ရင်း ကောင်းမွန်ပြီး ကိုယ်ချင်းစာတရားပြည့်ဝသော လူမှုအသိုက်အဝန်းတစ်ခု တည်ထောင်ရာမှာပါဝင်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းစသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးသက်လေးဦးက လူငယ်များ၏ စာရိတ္တ၊ ပညာရေး၊ အတွေးအခေါ်၊ အလေ့အကျင့်၊ အပြုအမူတို့ကို ငယ်စဉ်ကပင် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးခြင်းဖြင့် လူငယ်လူရွယ်များသည် မိမိကိုယ်ကို တန်ဖိုးထားတတ်လာမည့်အပြင် အနာဂါတ်နိုင်ငံတော်အတွက် အရည်အချင်း ပြည့်ဝသော မျိုးဆက်သစ်အင်အားစုများလည်း ဖြစ်လာကြမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှုတို့အား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ကင်းထောက်စံပြထူးချွန်ဆု၊ ကင်းထောက်ထူးချွန်ဆု ရရှိသူများ၊ ကင်းထောက် သင်တန်းစီမံခန့်ခွဲမှု ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆရာ၊ ဆရာမများအား ဆရာဖြစ်သင်တန်း ဆင်းလက်မှတ်နှင့် ကျောင်းသား၊ ကျောင်းသူများအား ကင်းထောက်သင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိအကြီးအကဲများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးစကားပြောကြားကာ၊ သင်တန်းသား သင်တန်းသူ များမှ ကင်းထောက်ဂုဏ်ရည် သီချင်းအား သံပြိုင်သီးဆိုခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကင်းထောက်သင်တန်းအောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ