မြိတ် ဧပြီ ၈
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်ဥပဒေရုံးနှင့် မြိတ်မြို့နယ်ဥပဒေရုံး အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရုံးအဆောက်အဦသစ်အား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အဆောက်အဦသစ် ကမ္ဗည်းမော်ကွန်းအား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြ၍ ရုံးအဆောက်အဦအသစ်အား ကြည့်ရှုခဲ့ကြသည်။
မြိတ်ခရိုင်ဥပဒေရုံးနှင့် မြိတ်မြို့နယ်ဥပဒေရုံးအဆောက်အဦသစ်သည် အလျား(၄၄)ပေ၊ အနံ(၅၉)ပေ RC(၄)ထပ် အဆောက်အဦဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်သန်းပေါင်း(၄၅၂.၂၁၄)သန်းဖြင့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူ၍တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် တိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများအား တွေ့ဆုံခဲ့ရာ တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဥပဒေချုပ်က တိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဝန်ဆောင်မှုများပေးခြင်းဖြစ်ပြီး ဥပဒေစာအုပ်၊ ဥပဒေသင်တန်း၊ ဥပဒေသတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ အစိုးရကိုယ်စားအမှုလိုက်ပါဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဥပဒေအရာရှိများ အနေနဲ့ မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိလိုက်နာဆောင်ရွက်ကြရန်နှင့် အဂတိကင်းရှင်းစွာ ဆောင်ရွက်ကြစေလိုကြောင်း လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းပြောကြားခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဥပဒေချုပ်မှ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )