တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ

တောင်တွင်းကြီး ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့​သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျောင်းပညာရေးတွင် အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် မိမိတို့အချိန်ပေးတက်ရောက်သင်ယူခဲ့သည့် ပညာရပ်များကို အမြဲလေ့လာနေရန်လိုပါကြောင်းပြောကြားခဲ့ပြီး စာရေးဆရာတောင်တွင်းအောင်သက်ဦးက အခြေခံပန်းချီရေးဆွဲနည်းများကိုအခြေခံ၍ အခြားအဆင့်ဆင့်ကို ဆင့်ပွားသင်ယူရန်လိုပါကြောင်း၊ များများလေ့ကျင့်ခြင်း၊ စာဖတ်ခြင်း၊ ကဗျာဖတ်ခြင်း၊ ကိုယ်တိုင်တီထွင်ကြည့်ခြင်းဖြင့် တိုးတက်အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာဦးသူရကျော်က "ခါသင်္ကြန် ပွဲတော်တူနွှဲပျော်" ပန်းချီပြိုင်ပွဲတွင် သင်တန်းသားများ၏ ပြိုင်ပွဲဝင်လက်ရာများအပေါ် အကြံပြုသုံးသပ်ဆွေးနွေးခဲ့ပြီး "ခါနွေဆန်းစ တပေါင်းလ" ပန်းချီပြိုင်ပွဲ၊  "ခါသင်္ကြန်ပွဲတော် တူနွှဲပျော်" ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုများနှင့် နှစ်သိမ့်ဆုများရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်ရှည်ကာလများတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပညာဒါနသင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ  အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ(၆) ရက်နေ့မှ ဧပြီ(၇)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)