သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် လူထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဧပြီ  ၈

၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာအစဉ်အလာမပျက် ကျင်းပသည့်ပွဲတော်များ ရာသီအလိုက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ်  မဟာသင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဝင်ယိမ်းများနှင့် ပါဝင်ဆင်နွှဲသူများအားလုံးကို ဌာနဆိုင်ရာမဏ္ဍပ်များမှ နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများအပြင် တိုင်းရင်းသားများအတွက် ရေကစားမဏ္ဍပ်နှင့် ရိုးရာအစားအစာများလည်း နေ့စဉ်ထည့်သွင်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ဌာနများ၌ လိုအပ်သည့်ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲများအပြင် နှစ်ဦးတရားဓမ္မသဘင်ပွဲများကိုလည်း အစဉ်အလာမပြတ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် ၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးထားသည့် ကော်မတီဥက္ကဋ္ဌများက ကဏ္ဍအလိုက် ပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်၌ ရပ်ကွက်/ကျေးရွာများမှ ယိမ်းအသင်း(၁၆)သင်း၊ တိုင်းဒေသကြီးဝန်ကြီးဌာနအသင်း(၄)သင်းတို့ ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည့်အပြင် ဧည့်ခံဖျော်ဖြေရေးယိမ်းအသင်း(၄)နှင့် နိုင်ငံကျော်အဆိုတော်(၈)ဦးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)