မုံရွာ ဧပြီ ၈
၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ကန်သာယာတွင်သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များအပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်များ၌ နေ့စဉ်နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ် ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
"ဗဟိုမဏ္ဍပ်အပါအဝင် ရေကစား မဏ္ဍပ်အသီးသီးမှာ ခေတ်ပေါ်တေးဂီတများ၊ သင်္ကြန်သီချင်းများ၊ သင်္ကြန်ယိမ်းအကများ၊ တပင်တိုင်အကများဖြင့် ဖျော်ဖြေခြင်း၊ DJ အကအဖွဲ့များဖြင့် ဖျော်ဖြေခြင်း၊ စတုဒီသာ မဏ္ဍပ်များတွင် ထမင်းနှင့်စားသောက်ဖွယ်ရာများ၊ အချိုရည်များဖြင့် နေ့စဉ်ဧည့်ခံကျွေးမွေးသွားမှာပါ။ ယခုနှစ်မှာတော့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်မှာ ပုသိမ်ထီးအပါအဝင် ထီးအလက်ပေါင်း သုံးထောင်ကျော်နဲ့ လမ်းလျှောက် သင်္ကြန်ကိုလည်း ကန်သာယာဘေး ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ဗဟိုမဏ္ဍပ်ရဲ့ ဘေးဝဲယာမှာ ဆောင်ရွက် ထားရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ်၊ မုံရွာမြို့ ကန်သာယာမှာကျင်းပပြုလုပ်မယ့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မည်သူမဆို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိတာဖြစ်လို့ လာရောက်ဆင်နွှဲကြဖို့လည်း ဖိတ်ခေါ်ပါတယ် " ဟု ၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ်၊ မုံရွာမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာတွင် အလျား( ၉၀ )ပေ၊ အနံ (၃၀) ပေ ရှိ ဗဟိုမဏ္ဍပ်နှင့် ၀န်ကြီးဌာနများမှ ရေကစား မဏ္ဍပ် ( ၃) ခု ပွဲကြည့်စင်များ၊ စတုဒီသာမဏ္ဍပ်များတည်ဆောက်လျက်ရှိပြီး၊ ပါဝင်ယှဉ်ပြိုင်ကြ မည့် ယိမ်းအဖွဲ့(၁၅)ဖွဲ့နှင့် တစ်ပင်တိုင်အက (၈)တွဲတို့အား ပထမဆု၊ဒုတိယဆု၊တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆုနှင့်နှစ်သိမ့်ဆုများကို ဆုရွေးချယ်ရေးအဖွဲ့က စနစ်တကျ ရွေးချယ်ကာ ငွေသားနှင့်ဆုဖလာများ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေး ယိမ်းအဖွဲ့ များလည်း ရေကစားမဏ္ဍပ် အသီးသီးတွင် အလှည့်ကျ ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံကျော်ရုပ်ရှင် မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင်များ၊ နိုင်ငံကျော် အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်အကြိုနေ့မှ အတက်နေ့အထိ ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)