လိပ်သို ဧပြီ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း ၍ စာရေးဆရာ ကြည်လွင်မြင့်(မုဒြာ) ရေးသားသည့် “အသက် ၁၀၀ နေလိုပါသလား” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စာအုပ်၏ အမှာစာပါအကြောင်းအရာများကို ဦးစွာရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ (Book Club)အဖွဲ့ဝင်နော်ရိုစလင်းက “ အပူစာလား၊ အအေး စာလား” ခေါင်းစဉ်မှ အပူစာဆိုသည်မှာ လျှာပေါ်တွင် ပူသွားတိုင်းအပူစာ မဟုတ်ကြောင်း၊ အပူ/အအေးစာသည် လျှာအရသာပေါ်မူတည်၍ ဆုံးဖြတ်ရခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းဆေးပညာတွင် ပူမှု၊ အေးမှုတေဇောပြု ဆိုသောစကား ရှိပါကြောင်း စသည့် အကြောင်းအရာများကိုလည်းကောင်း၊ စာပေဝါသနာရှင် စောဘုန်းမင်းဇော် က “အာယု ဗ္ဗေဒဆေးကျမ်းလာအသက်ရှည်ဆေးနည်းများ”နှင့် “ရေမချိုးမီ ရေတစ်ခွက်သောက်ပါ” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း ဖတ်ကြားကာ စာဖတ်ဝိုင်း တက်ရောက်လာသူများက မိမိတို့အထင်၊ အမြင်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဝေါ်ကွောထူး (ရုပ်/သံ-၃)