ဒေးဒရဲမြို့၌ ပုဂ္ဂလိကမော်တော်ယာဥ်လုပ်ငန်း စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒေးဒရဲ ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ပုဂ္ဂလိကမော်တော်ယာဥ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ ယာဥ်လိုင်းများ စနစ်တကျပြေးဆွဲစေရေးနှင့် ယာဥ်အန္တရာယ်များ ဖြစ်ပွားမှုမရှိစေရေး၊ ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်းပေးရန်မှာကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ယာဥ်လိုင်းများပြေးဆွဲရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကိုတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဥ်လိုင်း(၉)လိုင်းက တာဝန်ရှိသူများတက်ရောက်ကြပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများစနစ်တကျလိုက်နာမောင်းနှင်ရေး၊ သင်္ကြန်ကာလမိမိနေရပ်သို့ ပြန်လာသူများ အဆင်ပြေအေးချမ်းစွာသွားလာနိုင်ရေး ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း