မြောင်းမြမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း၊ (CFW) လုပ်ငန်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားနှင့်‌ ရေပေးရေးလုပ်ငန်းများပြုပြင်ထိန်းသိမ်းနည်းသင်တန်းပြုလုပ်

မြောင်းမြ       ဧပြီ      ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း၊ (CFW)စီမံကိန်းလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားနှင့် ရေပေးရေးလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးနေလင်းစိုးက လုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလရန်ပုံငွေ)၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာ(၅)ရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်း(၅)ခု၊ ကျေးရွာ(၁၅)ရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်း(၁၀)ခု၊ မီးလင်းရေး(၅)ခုနှင့် ကျေးရွာ(၁)ရွာတွင် Cash For Work(CFW) စီမံကိန်းဖြင့်ဆောင်ရွက်သော ​မြေသားလမ်းချဲ့ခြင်းနှင့် ဂဝံလမ်းခင်းခြင်း လုပ်ငန်းတို့အား ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းစာအုပ်များ(VDP Book)အား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPIC)ထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ပြီးနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌နော်မိုင်လှကြည်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းလုပ်ငန်းများ၊ ရေပေးရေးလုပ်ငန်းများ ပြုပြင်ထိန်းသိမ်းနည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ‌ကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့်အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါကျေးလက်ရေပေးရေးလုပ်ငန်းမှာ အကျိုးပြု အိမ်ခြေ(၆၁၉)၊ အကျိုးပြုလူဦးရေ(၂၈၄၉)၊ အကျိုးပြုကျေးရွာအနေဖြင့်(၅)ရွာ အကျိုးပြုမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းမှာ အကျိုးပြုအိမ်ခြေ(၁၉၂၆)၊ အကျိုးပြု လူဦးရေ(၉၀၈၇)နှင့် အကျိုးပြုကျေးရွာအနေဖြင့် (၁၅)ရွာအကျိုးပြုမည်ဖြစ်ကြောင်းနှင့် Cash For Work(CFW) စီမံကိန်းလုပ်ငန်းမှာ အကျိုးပြုအိမ်ခြေ (၂၂၂)၊ အကျိုးပြုလူဦးရေ (၁၀၆၁)၊ အကျိုးပြုကျေးရွာအနေဖြင့် (၁)ရွာအကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌နော်မိုင်လှကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ(TPIC)အဖွဲ့ဝင်များဖြစ်သော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရေပေးရေးကော်မတီဝင်များနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဝေဝေ(မြောင်းမြ)