ပခုက္ကူ ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြရာ ယခုဧပြီလ ၇ ရက်အထိ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း နှစ်ထောင်လေးရာကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေး ဌာနခွဲ(၁)နှင့်(၂)တို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှစတင်ပြီး အသက်(၂)လမှ(၁၈)အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ကြရာ ဧပြီလ ၇ ရက်နေ့အထိ ကလေးငယ်(၂၃၃၂)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၁၄၄)ဦး စုစုပေါင်း(၂၄၇၆)ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်နေရာ သတ်မှတ်ကာ နယ်မြေခံကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန်လှည့်လည်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များအား လာရောက်ထိုးနှံပေးကြရန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့်ပတ်သက်၍အလေးထားဆောင်ရွက်ရန်နှင့် ရောဂါလက္ခဏာတစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွားရောက်ပြသရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)