ကံမမြို့နယ် ပြအောင်းကျေးရွာအုပ်စု စွတ်ခွကျေးရွာတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ ဧပြီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြအောင်းကျေးရွာအုပ်စု စွတ်ခွကျေးရွာမှ ပြည်သူများနှင့်     တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ငွေလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊    ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။                   

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အတွင်းရေးမှူး ရဲမှူးခင်ဝင်းဇော်တို့က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ဦးတင်အောင်ဝင်းက လူဦးရေကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု အခြေအနေများအား ပြောကြားကြပြီး ဒေသခံပြည်သူများ၏   သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တွေ့ဆုံပွဲတွင်     လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊    ကျန်းမာရေးဌာနမှ  ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်၍ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများအား    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)