ကျောက်ကြီး ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်အားကစားအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အိအိမွန်က မြို့နယ်အတွင်းရှိလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အားကစားနှင့်ပတ်သက်ပြီး သိရှိနားလည်စေရန်နှင့် ကျောင်းသားလူငယ်များ စဥ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ ကိုယ့်ကျင့်တရား ကောင်းမွန်သည့်လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် စာပေနှင့်ရင်းနှီးလာစေရန် မြို့နယ်စာကြည့်တိုက်အား အမြဲတံခါးဖွင့်ထားပေးကြောင်းဆွေးနွေးပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဦးထိန်လင်းကျော်က မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားမှာဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက်အထောက်အကူဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ကြိုက်နှစ်သက်သည့် အားကစားကိုပြုလုပ်နိုင်ရန် မိမိတို့ဦးစီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့်ပတ်သက်ပြီး သင်တန်းများဖွင့်လှစ်ပေးခြင်း အားကစားအထောက်အကူပစ္စည်းများဖြည့်တင်းဆောင်ရွက်ပေးခြင်း၊ ထူးချွန်းအားကစားသမားများပေါ်ထွက်လာစေရန် နည်းစနစ်ပိုင်း ကူညီပံ့ပိုးပေးခြင်း၊ မြို့နယ်အတွင်းရှိ ထူးချွန်းအားကစားသမားများကိုလည် ခရိုင်၊ တိုင်းဒေသကြီးအလိုက် အားကစားပွဲများတွင် ပါဝင်ယှဥ်ပြိုင်နိုင်စေရန် မြို့နယ်တာဝန်ရှိသူများနှင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားကို မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များနှင့် လူငယ်အားကစားဝါသနာပါသူများ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်