မယ်စဲ့မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော်ရွတ်ဖတ်ပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မယ်စဲ့   ဧပြီ    ၇

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်စဉ်မပျက်ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့်အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးက မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်ဆန်းကုသိုလ်အဖြစ် သက်ကြီးပူဇော်ပွဲကို လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ပူဇော်ကန်တော့နိုင်ရေး ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်က သက်ကြီးပူဇော်ပွဲသို့ တက်ရောက်အပူဇော်ခံမည့် အဘိုး၊ အဘွားများအား ကြိုပို့ယာဉ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှု အခြေအနေနှင့် ညနေပိုင်းတွင် ရုံးဌာနများ၌ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲ ဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ လှူဒါန်းနိုင်ရေး ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)