ကန့်ဘလူမြို့၌ မဟာအတာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်လျက်ရှိ

ကန့်ဘလူ ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အတာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်ကို ဗိုလ်ချုပ်လမ်း အရှေ့ဘက် စည်ပင်သာယာခန်းမအနီးတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင် မဏ္ဍပ်စင်အလယ်နေရာ၌ သင်္ကြန်ယိမ်းအဖွဲ့များ ဖျော်ဖြေရန်နှင့် ပြိုင်ပွဲဝင်နေရာ၊ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေရန်နေရာတို့အပြင် မဏ္ဍပ်၏ဘေးတစ်ဖက်စီတွင် ပွဲကြည့်စင်နှစ်ခုပါဝင်ပြီး ဗဟိုရေကစားမဏ္ဍပ်၏ အရှေ့ဘက် ဝဲယာတစ်ဖက်စီတွင် သင်္ကြန်ရေကစားရန် စင်နေရာနှစ်ခုကို ထည့်သွင်းဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မဟာအတာသင်္ကြန်ပွဲတော်တွင် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ သင်္ကြန်ယိမ်းအဖွဲ့များ၊ ရပ်ကွက်၊ကျေး ရွာများမှ ပါဝင်ယှဥ်ပြိုင်ကြမည့် သင်္ကြန်ယိမ်းပြိုင်ပွဲ၊ အဆိုပါ ဗဟိုမဏ္ဍပ်ရှေ့တွင် လမ်းလျှောက်သင်္ကြန်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲနိုင်ရန် စီစဥ်ဆောင်ရွက်ထားကြောင်း၊ ကပြဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များ၊ ပါဝင်ယှဥ်ပြိုင်ကြမည့် အဖွဲ့များကလည်း ကြိုတင်ပြင်ဆင်လျက်ရှိပြီး၊ အတာသင်္ကြန်ပွဲတော်ကာလအတွင်း စတုဒီ သာကျွေးမွေးခြင်းများလည်းပါဝင်ကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)