လပွတ္တာခရိုင်၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၇)၊ လျှပ်စစ်သင်တန်းအမှတ်(၁၄)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၄)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၉)နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကျင်းပ

လပွတ္တာ ဧပြီ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း(လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၇)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၄)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၄)၊ မော်တော်ယာဉ် စက်ပြင်သင်တန်း အမှတ်စဉ်(၉)နှင့်လက်ကိုင်ဖုန်း ပြင်သင်တန်းအမှတ်စဉ်(၁၁)သင်တန်းဆင်းပွဲကို လပွတ္တာခရိုင် (၃)မိုင်မြို့သစ် စက်မှုလက်မှုပညာ သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးထွန်းထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ဒေသတွင်းစက်မှု လက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေဖို့ သင်တန်းဆင်းပြီးသွားရင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ဆောင်ရွက်ရန် ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကိုဖွင့်လှစ် သင်ကြားခြင်းဖြစ်ပြီး သင်တန်းဆင်းသင်တန်းသားများအနေနဲ့ သင်တန်းကပို့ချ သင်ကြားလေ့ကျင့်ပေးလိုက်တဲ့ ပညာရပ်တွေကို ကျွမ်းကျင်စွာတတ်မြောက်ပြီလို့ အသိအမှတ်ပြုလိုက်တဲ့အတွက် မိမိဘဝတိုးတက်အောင်မြင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ အခြေခံပညာများကို ရောင်ရဲတင်းတိမ်မနေဘဲ နီးစပ်ရာလုပ်ငန်းများနှင့်ဆက်စပ်ကာ တိုးတက်သည် ထက်တိုးတက်လာအောင် လေ့လာဆည်းပူးသွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး သင်တန်းသား(၅၀)ဦးဖြင့်  သင်တန်းကို (၂၂)ပတ်ကြာဖွင့်လှစ် သင်ကြား ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာ

(ပြန်/ဆက်)