ညောင်တုန်း ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance သရုပ်ပြပွဲနှင့် အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ Fitness Dance သရုပ်ပြပွဲနှင့် သင်တန်းဆင်းပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်အိအိခိုင်က Fitness Dance သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ Fitness Dance အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ သရုပ်ပြပွဲကို ကျောင်းသူလေးများက ကပြခဲ့ကြသည်။
အဆိုပါ Fitness Dance အခြေခံသင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုခင်ဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသား/သူများအား လက်တွေ့သရုပ်ပြသင်ကြား ပေးခဲ့ပြီး သင်တန်းကာလမှာ ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)