ပေါက်ခေါင်း ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အတူ ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်သည် ပေါက်ခေါင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် အင်ငါးခွကျေးရွာအုပ်စုအတွင်းမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏လယ်ယာမြေများ၌ စပါး၊ နေကြာ၊ မြေပဲနှင့်နှမ်းများကို တစ်နှစ်လျှင်တစ်သီးစားမှနှစ်သီးစား၊ နှစ်သီးစားမှသုံးသီးစားအထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြပါရန်ဆွေးနွေးပြောကြားပြီး တောင်သူများမှလည်း နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးနိုင်ရန် လိုအပ်သည့်ဆည်မြောင်းရေရရှိအသုံးပြုနိုင်ရေးတို့ကို တင်ပြတောင်းဆိုကြသည်။ ဆက်လက်၍ အဆိုပါအဖွဲ့ဝင်များသည် သစ်ရောင်းပြန်ကျေးရွာအုပ်စု ကွမ်းအုံစုကျေးရွာမြောက်ဖက်ရှိရေကန်အား ပြန်လည်တူးဖော်ပေးပါက နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးနိုင်သည့်အခြေအနေရှိပါကြောင်း တောင်သူများ၏တင်ပြချက်အရ အဆိုပါရေကန်နှင့် သီးနှံစိုက်ပျိုးနိုင်မည့်လယ်ယာမြေများကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)