ကြာအင်းဆိပ်ကြီး ဧပြီ ၇
ရာသီပေါ်သီးနှံဖြစ်သည့် နှစ်ရှည်သီးနှံပင် မရမ်းသီးများထွက်ပြီး ဆွတ်ရောင်းဝယ်လျက်ရှိရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ နှစ်ရှည်သီးနှံပင် မရမ်းသီးပင်သည်လက်ဒေသများရှိ ဥယျာဉ်ခြံမြေများတွင် အလေ့ကျပေါက်ရောက်ရှင်သန်လျက်ရှိပြီး ဖေဖေါ်ဝါရီလ လဆန်းပိုင်းတွင် အသီးကင်းစတင်ထွက်ရှိပြီး အသီးအင်းအား စားသုံးသူများကြိုက်နှစ်သက်လေ့ရှိခြင်း ကြောင့် မရမ်းသီးအကင်းတစ်ဗူးလျင် ငွေကျပ်တစ်ထောင်မှ တစ်ထောင့်ငါးရာကျပ်အထိ ဈေးနှုန်းရရှိပြီး မတ်လတွင် အသီးများစတင်ရင့်မှည့်ကြောင်းသိရသည်။
အဆိုပါမရမ်းသီး အရင့်အမှည့်များအား ခူးဆွတ်ရောင်းချရာတွင် တစ်ဗူးလျှင် ငွေကျပ် သုံးထောင်ကျပ်အထိရရှိကြောင်း ၎င်းမရမ်းသီး အရင့်အမှည့်များအား ခွဲခြမ်း၍နေလှမ်း အခြောက်ပြုလုပ်၍ ပြန်လည်ရောင်းချရာတွင် ယမန်နှစ်မရမ်းသီးရာသီ၌ မရမ်းသီးခွဲခြမ်း အခြောက် တစ်ပြည်လျင် ငွေကျပ် ငါးထောင်ကျပ်အထိ ဈေးနှုန်းရရှိကြောင်းသိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)