စစ်ကိုင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ‌ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

စစ်ကိုင်း ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့က စစ်ကိုင်းမြို့ရှိ  မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ရဟန်း၊ ရှင်၊ လူ ဒေသခံပြည်သူ (၅၃၁)ဦးတို့အား စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမူတော်စေတီ ဝတ္တကမြေ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ (၁၆၉)ဦး၊ ခွဲစိတ်ရောဂါ(၂၅)ဦး၊ ကလေး‌ရောဂါ (၅၀)ဦး၊ သားဖွားမီးယပ် ရောဂါ(၂၀)ဦး၊ အရိုးရောဂါ(၃၂)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၃၀)ဦး၊ မျက်စိရောဂါ(၁၆၄)ဦးနှင့် သွားရောဂါ(၃၃)ဦး၊ အခြားရောဂါ(၈)ဦးတို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး သာမန်ခွဲစိတ်လူနာ(၄)ဦး၊ မျက်စိခွဲစိတ်လူနာ (၈)ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများနှင့် ဓာတ်မှန်ရိုက်လူနာ(၆၁)ဦး၊ Ultrasound စမ်းသပ်လူနာ(၅၂)ဦး၊ ECG စက်ဖြင့်နှလုံး စမ်းသပ်လူနာ (၇၈)ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ(၃၇၈)ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်ဖြင့်လည်းကောင်း၊ သွားဆေးကုသမှု လူနာများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ရောဂါရှာဖွေကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြ သည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရန် လိုအပ်သူ(၁၀၆)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ(၂)ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက် နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန် တာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူ များက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အဆိုပါ နယ်လှည့်အထူးကုအဖွဲ့မှ ‌ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာသို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် စစ်ကိုင်းတပ်နယ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အာဟာရ ဖြည့်စွက်စွာ စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတို့က တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့သို့ ဂုဏ်ပြုငွေများပေးအပ်ရာ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သက်နိုင်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မြင့်နိုင်