မန္တလေး ဧပြီ ၇
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ကြီးတံခွန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၂၀၀)ခန့်သယ်ဆောင်သွားပြီး စာဖတ်ပရိသတ်များ ထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များအပ်နှံမှုကို လက်ခံခြင်း၊ စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးအနေဖြင့် သင်္ကြန်ရုံးပိတ်ရက်များတွင် အားလပ်ချိန်၌ စာပေဖတ်ရှု့နိုင်ရန်၊ လူငယ်၊ လူရွယ်များ၊ စာပေ ဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)