ရေဖြူမြို့နယ်၊ ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု (ကလိန်အောင်-ကံပေါက်သို့ဆက်သွယ်သည့်) ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင်ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ထားဝယ်   ဧပြီ   ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်လမ်း ပန်းဆက်သွယ်ရေးကဏ္ဍများကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိရာတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု(ကလိန်အောင်-ကံပေါက်သို့ ဆက်သွယ်သည့်) ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင်ကွန်ကရစ်ခင်း ခြင်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။

 နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၃၄ ဒဿမ ၂၂၉  သန်းဖြင့် ဘုန်းပြည့်အောင် ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ရေဖြူမြို့နယ်၊ ဖားချောင်း-မင်းလက်ကျ-တောင်ရင်းအင်း-ဆယ်အိမ်စု( ကလိန် အောင်-ကံပေါက်သို့ ဆက်သွယ်သည့်) ကျောက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် ၁၅ပေတံတား ၁ စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့သည်မြေပြင်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါလမ်းပေါ် ကျေးရွာ ၂ ရွာ၊ အိမ်ခြေ ၂၈၈  အိမ်၊ လူဦးရေ ၁၈၃၆ ဦးတို့အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်သည့်အပြင် လူမှု ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာ၍ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)